အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) ရှိ လက်မှုအနုပညာပစ္စည်းကဏ္ဍ အကောင် အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့၊ ၁၁:၀၀ နာရီအချိန်၌ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းနှင့် တာဝန်ရှိသူများ၊ မြန်မာ့လက်မှုအနုပညာပစ္စည်းကဏ္ဍမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အတွက် မြန်မာ့လက်မှုအနုပညာပစ္စည်းကဏ္ဍ လုပ်ငန်းစီမံချက်ကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ရေးဆွဲပေးပို့ထားပြီးဖြစ်၍ လုပ်ငန်းစီမံချက်ပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် အသင်းအဖွဲ့များမှ သိရှိလိုသည်များကို မေးမြန်းနိုင်ရန်ရည်ရွယ်၍ အစည်းအဝေးကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များမှ ဦးစားပေးအကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များကို ရွေးချယ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လက်မှုအနုပညာအသင်းမှ လုပ်ငန်းရှင်များအနေဖြင့် ပြည်ပကုန်စည်ပြပွဲများတွင် ပါဝင်ပြသလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း ပြောကြားပါသည်။
ထို့နောက် တက်ရောက်လာကြသူများမှ မြန်မာ့လက်မှုအနုပညာပစ္စည်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်သည့် ကိစ္စရပ်များ၊ မြန်မာ့လက်မှုအနုပညာအသင်းအောက်ရှိ အစုအဖွဲ့ ၁၀ ဖွဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များနှင့် အသင်းအနေဖြင့် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) တွင်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းတို့ကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ၁၂:၀၀ နာရီ တွင် ရုပ်သိမ်းခဲ့ပါသည်။